x

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) သို့ လှူဒါန်းခြင်း

မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသအား ဦးထိပ်ထား၍ အမေညို မောင်ဝိတ်မိသားစုတို့က သင်တန်းသားသံဃာတော် ၃၅၁-ပါးတို့အား ခရီးစရိတ် နဝကမ္မအလှူတော်ငွေ ၁၇၅၅၀၀၀၀ိ/ (ကျပ်သိန်းတစ်ရာ ခုနစ်ဆယ့်ငါးသိန်းငါးသောင်း) ဆက်ကပ်လှူဒါန်း

CSR, Sea Paing Development Ltd.

မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသအား ဦးထိပ်ထား၍ အမေညို မောင်ဝိတ်မိသားစုတို့က ၁၃၈၃-၈၄(၂၀၂၁-၂၀၂၂) ခု၊ ပညာသင်နှစ်၏ အတန်းတင်စာမေးပွဲအပြီးတွင် မိမိတို့၏ ဇာတိရပ်ရွာများသို့ ပြန်လည်ကြွရောက်ရမည့် ဓမ္မာစရိယ၊ မဟာဓမ္မာစရိယ သင်တန်းသားများနှင့် မဟာဓမ္မာစရိယကျမ်းပြု သင်တန်းသားသံဃာတော် ၃၅၁-ပါးတို့အား ခရီးစရိတ်အဖြစ် နဝကမ္မအလှူတော်ငွေ တစ်ပါးလျှင် ၅၀၀၀၀ိ/(ငါးသောင်းကျပ်)နှုန်း စုစုပေါင်း အလှူတော်ငွေ ၁၇၅၅၀၀၀၀ိ/(သိန်းတစ်ရာခုနစ်ဆယ့်ငါးသိန်းငါးသောင်း) လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ၁၃၈၄-ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉-ရက်၊ (၁၈-၉-၂၀၂၂) တနင်္ဂနွေနေ့၊ ညနေ ၄-နာရီအချိန်တွင် တက္ကသိုလ်ရှိ မောင်ဝိတ်ဓမ္မဝိဟာရတွင် ကျင်းပပြုလုပ်ပါသည်။

CSR, Sea Paing Development Ltd.

အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိကအမှူးပြုသော သင်တန်းသားသံဃာတော်များ၊ အလှူရှင်မိသားစုကိုယ်စား အကျိုးတော်ဆောင် သာသနာ့တက္ကသိုလ် သင်္ချာဆရာမ ဒေါ်မြင့်မြင့်ကြည်နှင့် နပသဝန်ထမ်းမိသားစုများ တက်ရောက်ကြပါသည်။

CSR, Sea Paing Development Ltd.

အခမ်းအနားတွင် သံဃာတော်များက အလှူရှင်မိသားစုများ ဘေးရန်အန္တရာယ်အပေါင်း၊ ရောဂါဥပဒ်အပေါင်းနှင့် အခက်အခဲ အကြပ်အတည်း အနှောင်အဖွဲ့ အနှောင့်အယှက်တို့မှ လွတ်ငြိမ်းချမ်းသာ ကင်းကွာကြ၍ ကျန်းမာချမ်းသာစွာဖြင့် ဆထက်ထမ်းပိုး တိုးကာ သာသနာပြုနိုင်ပါစေရန် မေတ္တာအာသီသပြုကြလျက် ရတနသုတ်၊ မေတ္တသုတ်၊ မောရသုတ် အစရှိသော ပရိတ်ဒေသနာတော်များကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်ပေးတော်မူကြပါသည်။

CSR, Sea Paing Development Ltd.

အမေညို မောင်ဝိတ်မိသားစုများသည် သာသနာ့တက္ကသိုလ်တွင် မောင်ဝိတ်ဓမ္မဝိဟာရကို ဆောက်လုပ်လှူဒါန်းထားသည့်အပြင် ပိဋကတ်တိုက်၊ စာသင်ဆောင်အစရှိသော သာသနိက အဆောက်အအုံများကို တည်ဆောက်ပြုပြင် ထိန်းသိမ်းလှူဒါန်းခြင်း၊ နှစ်စဉ် ဝင်ခွင့်ရသံဃာတော်များအား တက္ကသိုလ်တံဆိပ်ပါ ယပ်တောင်များလှူဒါန်းခြင်း၊ တက္ကသိုလ်ဝတ်ရွတ်စဉ်စာအုပ် ရိုက်နှိပ်လှူဒါန်းခြင်း၊ သင်တန်းသားသံဃာတော်များ လေ့လာရေးခရီးအတွက် ကားခလှူဒါန်းခြင်း၊ စတုတ္ထနှစ်အတန်းအတွက် အမှတ်တရစာအုပ်ရိုက်နှိပ်ခ လှူဒါန်းခြင်း၊ သံဃာတော်များအား အချိုပွဲ သစ်သီးခဲဖွယ်များကို မကြာခဏ လှူဒါန်းခြင်း အစရှိသော ကောင်းမှုအစုစုတို့ကို လှူဒါန်းပြုလုပ်လျက်ရှိသော သာသနာ့ဒါယကာ အလှူရှင်များဖြစ်ကြပါသည်။

ဤသို့ သာသနာ့တက္ကသိုလ်သင်တန်းသားသံဃာတော်များ ခရီးစရိတ်အတွက် လှူဒါန်းခြင်းနှင့် အလျဉ်းသင့်သည်အားလျော်စွာ လှူဒါန်းထောက်ပံ့ကြသည့် အမေညို မောင်ဝိတ်မိသားစုနှင့် ဆရာမဒေါ်မြင့်မြင့်ကြည် မိသားစုများသည် ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာကြလျက် ဘာသာသာသနာအကျိုးကို ဆထက်တိုး၍ ဆောင်ရွက်နိုင်ပါစေကြောင်း၊ အခက်အခဲ အကြပ်အတည်းမှန်သမျှတို့မှ လွတ်မြောက်ကျော်လွှားနိုင်ပါစေကြောင်း သာသနာ့တက္ကသိုလ်က မေတ္တာအာသီသပြုကာ ကမ္ဗည်းမှတ်တမ်းတင်အပ်ပါသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)